အာဂုံပြန်တယ်ဆိုတာဘာလဲ?

မြတ်စွာဘုရားရှင်၏ အဘိဓမ္မာ (၇)ကျမ်းဆိုတာ ခက်ခဲနက်နဲလှပါပေတယ် ...

သည်အဘိဓမ္မာကျမ်းရင်းတွေကို အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကနေ သံဃာတော်အဆင့်၊ သီလရှင်အဆင့်
လူပုဂ္ဂိုလ်များအဆင့်လို့ ပိုင်းခြားပြီး စာတော်ပြန်ပွဲ ( အာဂုံ +ရေးဖြေ) ဆိုပြီး ကျင်းပပေးနေတာ

နှစ်စဉ်
စက်တင်ဘာလမှာ အာဂုံ
အောက်တိုဘာလမှာ ရေးဖြေ ကျင်းပပေးပါတယ် ...

မိမိတို့လူပုဂ္ဂိုလ် အဆင့်အတွက်
အောက်ပါအတိုင်း ၁၅ ကျမ်း လို့ ပိုင်းခြားသတ်မှတ်ပေးထားပါတယ် ...

၁။ မာတိကာကျမ်း ........(၁) ပလ္လင်
၂။ ဓာတုကထာ ၁ ........(၂) ပလ္လင်
၃။ ။ ၂ ........(၂) ပလ္လင်
၎။ မူလ ခန္ဓယမက .......(၅) ပလ္လင်
၅။ အာယတန ဓာတုယမက ...(၇) ပလ္လင်
၆ ။ သစ္စ ယမက ..........(၄) ပလ္လင်
၇။ အနုသယ ယမက .....(၁၁) ပလ္လင်
၈ ။ စိတ္တ ဓမ္မ ယမက .....(၄)ပလ္လင်
၉။ သင်္ခါရ ယမက ........(၃) ပလ္လင်
၁၀။ ဣန္ဒြိယ ယမက .....(၁၂) ပလ္လင်
၁၁။ ပဋ္ဌာန်း ပဥှာဝါရဝိဘင်္ဂ ...(၃) ပလ္လင်
၁၂။ ။ ။ သင်္ချာ ၁ ...(၄) ပလ္လင်
၁၃။ ။ ။ ။ ၂ ...(၄) ပလ္လင်
၁၄။ ။ ဆဝါရ ဝိဘင်္ဂ .....( ၅) ပလ္လင်
၁၅။ ။ ။ သင်္ချာ ......(၄) ပလ္လင်
တို့ဖြစ်ကြပါတယ် ...

သည်ကျမ်းတွေကို အဘိဓမ္မာသဂြိင်္ုဟ် ၉ ပိုင်း သင်ယူပြီးသောပုဂ္ဂိုလ်များအား နှစ်စဉ် ဇန္နဝါရိလဆန်းကစပြီး
အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှာ ကျမ်းပြီးဆရာ ဆရာမများက ဓမ္မဒါနအဖြစ် စနေ၊ တနင်္ဂနွေနေ့ တွေမှာပို့ချပေးနေကြတာ ယခု ၆လပိုင်းကုန် ၇လပိုင်းအဝင်မှာ ကျမ်းအလိုက် ပို့ချမှုတွေပြီးကုန်ပြီမို့ သင်တန်းသူသင်တန်းသားတို့ အာသေဝနတပ်ကာ ရွတ်ဖတ်ပူဇော်ကျက်မှတ်ဖို့အချိန်ရောက်နေပြီမို့
တနှစ်ပတ်လုံးနာယူခဲ့သမျှ အားစိုက်ကျက်မှတ်ပူဇော်ကြပါစို့နော် ...

အာဂုံအောင်မြင်မှ ရေးဖြေဖြေရမှာမို့ အာဂုံဖြေပုံလေး နဲနဲပြောပြပါ့မယ်နော်...

အာဂုံပူဇော်ရာမှာ စာစစ်ကိုယ်တော်တွေရှေ့မှာ တပလ္လင်လျှင် ၁၅ မိနစ်စာ ပူဇော်ရပါတယ်...

ပလ္လင်တက်သည်ဆိုတာက ထီးဖြူ ကနက်ကထိုင်အောက် ပလ္လင်ထက်မှာ ဘုရားရှင်အားရည်မှန်းပူဇော်ခြင်းဖြစ်ပြီး စာစစ်ကိုယ်တော်တို့ရှေ့ အမှား အထောက်လွတ်အောင် ပူဇော်ရတာဖြစ်ပါတယ်ရှင် ...

အချို့စာစစ်ကိုယ်တော်တို့က အစဉ်လိုက်ပူဇော်သည့်အတိုင်း နားထောင်စစ်ဆေးပေးတာရှိသလို အချို့ကိုယ်တော်တို့က ကျော်မေးသည်မို့ ရင်ခုန်စရာပါ ...

ဒါကြောင့် စာစစ်ကိုယ်တော်တို့မရောက်ခင် မိမိပလ္လင်ထက်ရောက်ကတည်းက ဘုရားရှင်ကိုဦးစွာ ရှိခိုးဦးထိပ်မှာတင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့စောင့်ရှောက်ရန် ပင့်ဖိတ် ထီးချက်စောင့်နတ်သမီးကို မေတ္တာပို့ စသည်တို့ ပြုလုပ်ခြင်းဖြင့် မိမိပူဇော်မှုအတွက် ကုသ်ုလ်အရင်ပြုသင့်ပါတယ်လေ (ဒါကမပူဇော်မီမိမိပြုနေကျလေးမို့ပြောပြကြည့်တာပါ)

ပလ္လင်ထက် စတင်ပူဇော်ပြီဆိုတာနဲ့ "နမောတဿ" ၃ကြိမ် ပြိုင်တူစတင်ပူဇော်ပြီးတာနဲ့ မိမိဆိုင်ရာကျမ်းအလိုက် ပူဇော်ကြရပါတော့တယ် ...

၁၅ မိနစ်အပြည့် အချက်ပြရင် ပူဇော်မှုကို အပြီးသတ်ရပါတယ် အာဂုံပူဇော်စဉ်ခံစားရတဲ့ကြည်နူးမှုက ဘာနဲ့မှမတူပါဘူးရှင် ...

ဘုရားရှင်၏ တရားတော်များကို သဒ္ဓါတရားအပြည့်ဖြင့် အလွတ်ရွတ်ဖတ်ပူဇော်အာဂုံဆောင်ခွင့်ရတာမို့
အလွန်ပီတိဖြစ်ရပါတယ် သည်ခံစားမှုက ကိုယ်တိုင်ပူဇော်ဖူးမှသိတာမို့ လာပူဇော်ကြပါနော်...

အာဂုံ အောင်စာရင်းများ တပတ်ခြားမှာထုတ်ပြန်အပြီးမှာတော့ နှစ်ပတ်ခန့်ခြားပြီး ရေးဖြေပူဇော်ရပါတယ်..

ရေးဖြေမှာ
ကျမ်းတစ်ကျမ်းလျှင်
ပ ပိုင်းမေးခွန်းကို ၂နာရီ
ဒု ပိုင်းမေးခွန်ူကို ၂နာရီဖြေဆိုရပါတယ် ...

အောင်မှတ်က ၄၀
ဂုဏ်ထူးမှတ်က ၈၅

အောင်ပြီဆို
စာအောင်ဆုနှင်းသဘင်မှာ
ပျော်ရွှင်စွာဆင်နွှဲကြသည်ပေါ့...

၅ကျမ်းပြီးတိုင်းဘွဲ့ပေးပါတယ်
လူပုဂ္ဂိုလ်ဆိုင်ရာဘွဲ့တွေက
ပထမ၅ကျမ်းပြီးရင်
"စူဠ အာဘိဓမ္မိက ကလျာဏ ဉာဏဓဇ "
ဒုတိယ၅ကျမ်းအပြီးမှာ
"မဇ္ဈိမ အာဘိဓမ္မိက ကလျာဏ ဉာဏဓဇ"
နောက်ဆုံး၅ကျမ်းအပြီးမှာတော့
"မဟာ အာဘိဓမ္မိက ကလျာဏ ဉာဏဓဇ" ဘွဲ့ ပေးပါတယ် ...

သည်မှာမှ
၅ကျမ်းလုံး စီ မှာ
အာဂုံ ဂုဏ်ထူးပါရင် " ဝိသိဋ္ဌ"
ရေးဖြေ ဂုဏ်ထူးပါရင် "ဥက္ကဋ္ဌ" ဟု
ဘွဲ့မှာထပ်တိုးခေါ်ဝေါ်စေပါတယ်ရှင့် ...

သည်လိုလေးတွေ
ဘွဲ့ ပညတ်လေးတွေ ရတော့လည်း
မိမိကြိုးစားမှု၏ ရလာဒ်မို့ ပျော်ကြပါသည်ပေါ့ ...

မည်သို့ပင်ဖြစ်ပါစေ
ဘုရားရှင်၏ တရားတော်များကို
ဤသို့ ပူဇော်ခွင့်ရသည်ဆိုကတည်းက
ကံထူးသူများပါပေ ...

သည်စာတော်ပြန်ပွဲကြီးကို
ယခုနှစ်
ဗဟန်း ၃ လမ်းထိပ်
ရတနာဃရ ဗိမာန်သစ်ကြီးမှာကျင်းပပေးမှာမို့

အသင်းနာယက ဆရာတော်ကြီးများ
အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်း နှင့် အမှုဆောင်များကို ကျေးဇူးတင်ရပါတယ် ..

နေရာထိုင်ခင်းအပြင်
စာဖြေသူတို့စိတ်ချမ်းသာစွာဖြေဖို့
အကျွေးအမွေး ထမင်း အဖျော်ယမကာများပါ ပါတာမို့
အလှုရှင်များရော
စီမံခန့်ခွဲပေးသူများရော
ဝေယျာဝစ္စကုသိုလ်ပြုပေးနေသူများအားလည်းကျေးဇူးတင်စရာပါရှင်...

စာပြန်ပွဲကြီးတစ်ခု ၉ ရက်တိုင်ဆက်တိုက်ကျင်းပရတာ
စီစဉ်သူတွေကျေးဇူးကြီးလှပါတယ် ...

ဒါကြောင့်
အခုဆို
စာတော်ပြန်ပွဲကြီးလည်းနီးပြီမို့
အာဂုံရေးဖြေတွက်ကြိုးစားကြပါစို့ ...

မိမိလည်း
ယခုနှစ် သင်္ခါရယမက
ပဥှာသင်္ချာ ၁ နှင့် ၂ ပေါင်း ၁၁ ပလ္လင်တက်ကာ
ကျမ်းပြီး မဟာ ယူမည်မို့
ကြိုးစားကျက်မှတ် အာသေဝန တပ်နေပါပြီရှင်...

ဓမ္မမိတ်ဆွေများနှင့်
မိမိ၏ မင်္ဂလာဗျူဟာ မာတိကာချစ်တပည့်များလည်း
ကောင်းစွာအာဂုံဆောင်နိုင်သည့်
"အာဂလူ" များဖြစ်ကြပါစေ ..

ထိုမှတဆင့်
ရေးဖြေကိုလည်း
ချောချောမွေ့မွေ့ဖြေဆိုနိုင်ပြီး...

အာဂုံ + ရေးဖြေ ဂုဏ်ထူးတွေနဲ့
အောင်မြင်နိုင်ပ်ါစေလို့
ဆုမွန်ကောင်းလေးတောင်းပေးပါတယ် ...